အမေ့ကျေးဇူးတွေကို အမြဲသတိရနေပါတယ်
. .ဆရာရဲ့မိခင် ဘဝတစ်ပါးကို ပြောင်းသွားတာ ၂၀၂၃ န္နဝါရီလမှာ၁၂ရက် ယနေ့ ရှစ်နှစ် ပြည့်ခဲ့ပါပြီ....
ဒီလိုအေးမြလှတဲ့ တစ်ခုသောဆောင်းရာသီမှာဘဲ အမေ ဟာ ဆရာ့ကို ရှမ်းပြည် တောင်ပိုင်း လွိုင်လင် မြို့အစွန်ကအိမ်လေး တစ်လုံးမှာမွေးဖွားခဲ့ပါတယ်...
ဆရာ့ ကိုသတ်မှတ်ရက် due date ထက်စောပြီး မွေးခဲ့ တာဖြစ်ပါတယ်၊ မွေးဖွားချိန်မှာ အဖေကလည်းရှေ့တန်း မှာရောက်နေပြီး မီးနေလာစောင့်တဲ့အမေ့ရဲ့အမေဆရာ့ရဲ့အဖွားကလည်း သူ့သမီးအကြီး ဆေးရုံတက်ရလို့ ပြည်မ ကို ပြန်နေချိန်ပါ... အိမ်မှာကျန်ခဲ့တဲ့ ဦးလေးကလည်း နားမကြားတာကြောင့် သိတ်အားမကိုးနိုင်ပါ...
အမေက ရက်မတိုင်မီဝမ်းနာလာတော့ ခိုင်းရမဲ့လူလည်း မရှိတာကြောင့် အားတင်းပြီး ဝမ်းဆွဲဆရာမအိမ်ကို ကိုယ် တိုင် မီးခွက်ဆွဲပြီး ရောက်အောင်သွားခဲ့ပါတယ်၊ ဝမ်းဆွဲ ဆရာမ အိမ်ရောက်ပြန်တော့ ဆရာမကအိမ်မှာမရှိလို့ ဆရာမပြန်လာရင် လိုက်လာခဲ့ဘို့ မှာပြီးပြန်ခဲ့တယ်...
အိမ်ကိုပြန်ရောက်ပြီး မကြာခင်မှာဆရာ(နေမောင့်)ကို မီးဖွား သန့်စင်ခဲ့ပါတော့တယ် အဲဒီအချိန်မှာ အိမ်ကတော အစပ် မှာမို့ တောခွေးတွေရဲ့အူသံတွေလည်း ကြားနေရတယ်... မွေးကင်းစနီတာရဲလေးကိုစောင်လေးနဲ့ ထွေးပိုက်ရင်း ဆရာမအလာစောင့်ခဲ့ရပါတယ်၊ နေမောင့်ထက် အသက်တနှစ်သာကြီးတဲ့ သားအကြီးလေးကိုလည်း အရုပ်လေးတွေပေးဆော့ရင်း ထိန်းထား ခဲ့ရပြီး ဆရာမ ရောက် လာမှ ချက်ကြိုးဖြတ်နိုင်လို့ အမေလည်း သက်ပြင်း ချနိုင်ခဲ့တယ် ...
အဲဒီလို မီးဖွားချိန် သွေးနုသားနုမှာ သွေးလန့်စရာတွေ ကြုံပြီး အမေဟာ ရွံတတ်သွားခဲ့တယ်၊ ဆံပင်မွေးလေး တွေ၊ သွေး စွန်းတာလေးတွေကအစရွံတာမို့ အစကတော့အဓိပ္ပါယ်မရှိ တမင် လုပ်တာလားလို့ထင်ပြီးတခါတလေနေမောင်တို့ တတွေ က မခြေမခံပြောခဲ့မိပါတယ်... ဒီအတွက်သားတို့ တောင်းပန်ပါတယ် အမေ..
ဒါပေမဲ့ ဆေးကျောင်းရောက်ပြီး OG posting ရောက် တော့ ဆရာမကရှင်းပြမှ မီးဖွားစ သွေးနုသားနုမှာ ဖြစ် တတ်တဲ့ puperian psychosis မီးဖွားစ စိတ်အားငယ် တဲ့အချိန်ဖြစ်တတ်တဲ့ စိတ်ရောဂါဆိုတာ သိခဲ့ရတယ်...အမှန်တော့လည်း ဆရာ့ကို မွေးဖွားပြီးချိန်မှာရသွားခဲ့တဲ့ စိတ်ရောဂါတစ်မျိုးပါ...
တကယ်တော့ အမေဟာ စိတ်ရှင်းပြီး စိတ်ဓာတ်လည်းအလွန် ကြံ့ခိုင်တဲ့သူပါ၊ နေမောင့်အဖေက စစ်ထောက်ချုပ် ဗိုလ်ချုပ်ဝန်ကြီး ဖြစ်ခဲ့ပေမဲ့အမေ့မှာ လက်ဝတ်လက်စားတောက် တောက် ပြောင်ပြောင် မရှိပါဘူး...
အမေက ၁၉၅၂ ခု ထီလာမယ်ဘွဲ့ ရခဲ့ပြီး အလှအပကိုလည်း ကြိုက်သူပါ.. ဒါပေမဲ့အမေက အိမ်ထောင်ကျပြီးနောက် သား သမီး ၉ယောက် ရှိတာမို့ သူတို့လေးတွေရဲ့ ပညာရေး၊ စားဝတ် နေရေး ဦးစားပေးရင်း သူကတော့ ရှိတာလေးနဲ့ရောင့်ရဲပြီး နေ ထိုင်ဝတ်စားခဲ့ပါတယ်... အဖေ့ရဲ့ရာထူး ထိခိုက်မှာစိုး လို့ အဖေ့ရဲ့အလုပ်တွေ ကိုလည်း ဝင်ရှုပ်လေ့ မရှိပါဘူး....
ဆွေမျိုးမိတ်ဆွေတွေ တပည့် သားသမီးတွေအပေါ်မှာလည်း ဖော်ရွေစွာဆက်ဆံပြီး ကူညီစောင့်ရှောက်တတ်လို့ အားလုံးကချစ်ခင်ကြပါတယ်၊ ဆရာအိမ်ထောင်သည် ဘဝရောက်ပြီးတိုင် အောင် အခက်အခဲတွေကြုံလာတိုင်း အားပေးကူညီပြီး မားမား မတ်မတ်ရပ်တည်ပေးခဲ့ပါတယ်...
ဆရာလည်း အမေ့ရဲ့စိတ်ဓာတ်ခွန်အားနဲ့ ရိုးသားဖြူစင်မှု လူမှုပေါင်းသင်းဆက်ဆံရေးတွေ ကိုအမွေရခဲ့လို့ လူချစ်ခင်ပြီး လောကမှာ ပွဲလယ်တင့်ခဲ့ရတာကြောင့် အမေ့ရဲ့ ဂုဏ် ကျေးဇူးတွေကို အမြဲအမှတ်ရနေပါ့မယ်အမေ...



Comments
Post a Comment