ကျွန်တော်နှင့် သီဟတင်စိုး

 



သီဟတင်စိုးရုတ်တရက်ဆုံးပါးသွားပြီးမနေ့ကရက်လည် ရောက်မှသတင်းမေးဖြစ်သည်။ ကိုသီဟနှင့် စတင် တွေ့ဆုံခဲ့သည်မှာ နှစ်သုံးဆယ်ကျော်ခဲ့ပြီး တွေ့ဆုံ ခဲ့သည်မှာလည်းထူးခြားလှပါသည်။

၁၉၈၈ခုအရေးအခင်း ဖြစ်စဉ်ကာလတွင် ဆရာကနယ်စပ်ရှိ ဆေးထည့်စခန်းလေးတစ်ခုတွင်ဆေးမှူးအဖြစ်တာဝန် ထမ်းဆောင် နေစဉ်ဖြစ်ပါသည်။ အရေးအခင်းပြီးနောက် လူငယ်လေးများစွာ တောတွင်းသို့ရောက်ရှိသွား ကြပြီး အချို့မှာတဘက်နိုင်ငံရှိနယ်စပ်စခန်းများ တွင် ခိုလှုံနေကြရပါသည်။ ထိုစဉ်ကယခုကဲ့သို့ အချင်းချင်း လည်း ညီညွတ်မှုမရှိ ပြည်တွင်းပြည်ပ လူထုထောက်ခံ ပံ့ပိုးမှုများလည်းမရှိသဖြင့် အတော် ဒုက္ခရောက်ကျရပါသည်။

ဆရာတို့နယ်စပ် မြို့လေးနှင့် အလှမ်းမဝေးသောသေဘောဘိုး စခန်းတွင်လူငယ်လေးအချို့ခိုလှူံနေကြပြီး အချို့မှာ နေမကောင်းဖျားနာနေကြကြောင်းသတင်း ရပါသည်။ မိမိမှာလည်း ပြည်မနှင့် အဆက်အသွယ်ပြတ်ပြီး အိမ်လွမ်းကာ ညီငယ်များကိုသတိရနေချိန်လည်း ဖြစ်ပါသည်။ သူတို့ကို သားသမီးချင်း ကိုယ်ချင်း စာပြီး မိမိဆေးရုံတွင် ဆေးလာကုရန် ဖိတ်ခေါ်လိုက် ပါသည်။ ထိုအခါ ကိုသီဟနှင့် လူငယ်လေးအချို့ဆရာ့ ဆေးထည့်စခန်းလေးသို့ ရောက်လာကြပါသည်။

ယခင်က တစ်လလျင်နှစ်ကြိမ်သာ နယ်စပ်မြို့လေးနှင့် ပြည်မယာဉ်တန်းဆက်သွယ်မှုရှိရာမှ အရေးအခင်းဖြစ်သောအခါ အဆက်အသွယ်ပြတ်သွားပါတော့သည်။ လစာလည်းမရ စားစရာလည်းမရှိ ဆေးဝါးလည်းပြတ်သလောက် ဖြစ်နေ၍ မိမိ၏ ရွှေဆွဲကြိုးလေးကိုအပေါင်ထားကာ ရိက္ခာနှင့် ဆေးဝါးကိုဖြည့်တင်းနေရပါသည်။
သူတို့လေး တွေကို ကိုယ့်ညီငယ်များလိုသဘောထားပြီကျွေးမွေး ဆေးကုသပေးခဲ့ပါသည်။ ကိုသီဟတို့အဖွဲ့မှာလည်း အလ ကားမနေဘဲ ဆေရုံသန့်ရှင်းရေးနှင့် လူနာများပြုစုရာတွင် ဝိုင်းကူကြသည်မှာ အမှတ်ရစရာများဖြစ်ခဲ့ပါသည်။ ဆရာမှာလည်း အိမ်ကိုလွမ်းဆွတ်နေချိန် ညီများ အစားရ၍ ဝမ်းသာခဲ့ရပါသည်။

နောက်ပိုင်းပြည်မသို့ ကားလမ်းပြန်ပွင့် သော်လည်း သူတို့မပြန်ကြသေးဘဲ မိမိ၏ ဆေးရုံလေးတွင်သာ ခိုနေကြပါသည်။ နောက်ဆုံး ဆရာ့တာဝန်ပြီးဆုံး၍ပြည် မသို့ ပြန်သောအခါမှ ကိုသီဟတို့အဖွဲ့ အတူလိုက်ပါပြန်ကြပါသည်။ နောက်ပိုင်း ကိုသီဟမင်းသားဖြစ်သွားပြီး သိတ်မတွေ့ဖြစ်တော့ပါ။ တော်လှန်ရေး အတွေ့အကြုံရှိ၍လားမသိ တော်လှန်ရေး ကားများတွင် ပိုအောင်မြင်ပြီး အကယ်ဒမီပင်ရသွားခဲ့ပါသည်။

လွန်ခဲ့သည့်နှစ်လက သူကတွေ့ ချင်သည်ဆို၍ ချိန်းကြသော်လည်းမဆုံဖြစ်လိုက်ပါ။

ယခုတိုင်သူတို့က မိမိနှင့်တွေ့သည့်အခါတိုင်း ထိုစဉ်အချိန်ဒုက္ခရောက်နေစဉ်ကာလက ဆရာ့ဆွဲကြိုးလေးပေါင် ပြီးကျွေးမွေးဆေးကုပေးခဲ့သည်ကို တခုတ်တရ ပြန်ပြော တတ် ကြသဖြင့် ရင်ထဲလွမ်းဆွတ်သလိုဖြစ်ပြီး ကြည်နူးနေမိပါသည်

Comments