A Wonderful New Year Gift from an old patient
တလုတ်စားဘူး သူ့ကျေးဇူး....
မနက်စောစော မြို့ပြင်က ဆရာ့အိမ်ကလေးမှာ လူတစ် ဦး လာပြီး နှစ်သစ်ကူးလက်ဆောင် Blue Label တစ်လုံးနဲ့ ကြက်ကင်တစ်ကောင် ပို့သွားပါတယ်... ဆရာ့တပည့်လေးက လက်ခံယူထားပါတယ်။ ဆရာရောက်လို့ ပစ္စည်းလေးတွေလက်ခံပြီးပေးပို့သူ အမည်ကို ကြည့်လိုက်တော့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက အသိတစ်ယောက်ဖြစ်နေတာကို တွေ့ရတယ်...
လွန်ခဲ့တဲ့နှစ်၃၀ကျော်ကဆရာ နယ်စပ်မြို့ဆေးရုံလေးမှာ တာဝန်ကျနေတုံး တစ်ရက်မှာ ငှက်ဖျားလူနာတစ်ယောက် ရောက်လာတယ်၊ နောက်မှသိရတာကတဖက် နိုင်ငံကို နယ် စပ် ဖြတ်ပြီး ကျောက်သွားရောင်းမဲ့ ကျောက်ကုန်သည်လူငယ်လေး တစ်ယောက်ပါ.. အဲဒီခေတ်က ခုလို မြန်မာနိုင်ငံ မှာ ကျောက်မျက် စျေးကွက် စီးပွားရေး မရှိသေးတာကြောင့် မှောင်ခိုရောင်းဝယ်ကြတဲ့ အချိန်ပါ….
လူနာကဦးနှောက်ထဲငှက်ဖျားပိုးဝင်ချင်လို့လားမသိ... ဂယောင်ကတန်းဖြစ်ချင်နေတယ်... ဆရာလည်းချက် ချင်း ငှက်ဖျားဆေးသွင်းနေတုံး သူကသူ့ကိုတစ်ခုကူညီဘို့ ပြောရှာတယ်... ဟိုတုံးကငှက်ဖျားပိုးဦးနှောက်ထဲဝင်ရင်သေတတ် တာကို ကြားဖူးနားဝရှိတဲ့ လူနာက သူ့ရဲ့ပိုက်ဆံ အိတ်နဲ့ အထုပ်လေးတစ်ခု ဆရာ့ကိုအပ်တယ်... အထုပ်ထဲမှာ သွားရောင်းဘို့ယူလာတဲ့ ကျောက်တွေပါလာကြောင်း၊ သူတစ်ခုခုဖြစ်သွားရင် သူ့အမေကို ဆက်သွယ်ပို့ ပေးပါဆိုပြီး လိပ်စာလေးလည်း ပေးခဲ့တယ်...
ထိုအချိန်က ဆက်သွယ်ရေးစနစ်လည်း မကောင်း သေးတာကြောင့် အရေးကြီးရင်တဘက်ကမ်းကူးပြီးပြည်မကို နိုင်ငံ တကာဖုံးခေါ်ဆက်သွယ်ရတဲ့ အချိန်ပါ... ပြည်မကိုဆက် သွယ်တဲ့ ကားလမ်းကလည်း နှစ်ပတ်မှတစ်ကြိမ်သာခရီးစဉ် ရှိပြီး တောင်ပေါ်လမ်းဟောင်းကနေ သွားရလို့ ဒေါနတောင်ကို ကျော်ရတာတင်တစ်နေကုန် ပါတယ်...
ကံအားလျော်စွာဘဲ တစ်ပတ်လောက်ကြာတော့ လူနာလည်း သတိလည်နေကောင်း လာပါတယ်.. ဆရာလည်း သူရဲ့ပိုက်ဆံအိတ်နဲ့ ပစ္စည်းထုပ် ကလေးကိုပြန်ပေးလိုက်တယ်... ဆရာက ဖွင့်မကြည့်မိလို့ သူ့ပစ္စည်းတွေကိုပြန်စစ်ယူဘို့ ပြောတော့ သူဖွင့်ကြည့်မှ အထဲမှာကျောက်မျက် လေးတွေ ကိုတွေ့ရပါတယ်. သူ့ပိုက်ဆံအိတ်ထဲမှာ လည်း အမျိုးသမီးကြီးတစ်ယောက်ပုံကိုတွေ့ရလို့ သူ့အမေကို အတော်ချစ်ပုံရပါတယ်...
နေကောင်းသွားပြီးနောက် ဆေးရုံမဆင်းခင် ထိုင်ကန် တော့ သွားပါသေးတယ်... သူက ငွေနဲ့လည်းကန်တော့ ပေ မဲ့ ခရီး ဆက်ရင်ငွေလိုနိုင်မှာလို့ ပြောပြီး လက်မခံခဲ့ပါဘူး...
နောက်ပိုင်းစျေးကွက်စီးပွားရေးစနစ်ကျင့်သုံးလာတော့ ကျောက်မျက်စျေးကွက်လည်းပြည်တွင်းမှာ ပေါ်လာပြီး သူလည်းလုပ်ငန်းရှင် တစ်ယောက်ဖြစ်လာခဲ့ပါတယ်
သူနဲ့ လူချင်းဆုံခဲပေမဲ့ တစ်ခါတစ်ရံ လက်ဆောင်လေး တွေ ပို့ပေးတတ်ပါတယ်... ကိုယ်က ဆရာဝန်တစ်ယောက် မို့ ကိုယ့် အလုပ်ကိုယ်လုပ်ခဲ့တာဖြစ်ပေမဲ့ သူကတော့ အနှစ် ၃၀ ကျော်သည်အထိ ကျေးဇူးတင် အမှတ်ရနေတာကို ဝမ်းသာ ပီတိဖြစ်နေမိပါတော့တယ်...
(လွန်ခဲ့သောနှနှစ်က postလေးတက်လာလို့ ကျေးဇူးသိတတ်တဲ့ သူတစ်ဦးအကြောင်းပြန်တင်ပေးလိုက်ပါတယ်)

Comments
Post a Comment